ဒေးဒရဲ ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ရောက်ရှိသည့်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား နံနက်(၇)နာရီက လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင်ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ တပ်ဖွဲ့ဝင်အပေါင်းအား စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုကြသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က ဖတ်ကြားခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ထုတ်ဝေသည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အေဇာလင်း