ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဖျာပုံအကျဥ်းထောင်မှ အကျဉ်းသား/သူ စုစုပေါင်း(၉၁)ဦး လွှတ်ပေး

ဖျာပုံ ဇန်နဝါရီ 

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ကြေညာစာအမှတ်(၂/၂၀၂၆)ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ယနေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဖျာပုံကျဉ်းထောင်မှ အကျဉ်းသား/သူ(၉၁)ဦးအား ဇန်နဝါရီ(၄)ရက် နံနက်(၁၀)နာရီခွဲက လွှတ်ပေးခဲ့သည်။

ထို့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အခမ်းအနားပြုလုပ်ရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ အဖွဲ့ဝင်-၁ ဒုဗိုလ်မှူးကြီး ကျော်မင်းယု၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းဦး၊ ဖျာပုံခရိုင်လဝကမှူး ဦးခင်မောင်ဌေး၊ ဖျာပုံခရိုင် မီးသတ်ဦးစီးမှူး လ/ထညွှန်မှူး ဦးဇော်မင်းဦး၊ မြို့ နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ အကျဉ်းထောင် တာဝန်ခံအရာ ရှိ ဦးဇော်ထွန်းဦးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ အင်အား (၁၅)ဦးခန့် တက်ရောက်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ အဖွဲ့ဝင်-၁ ဒုဗိုလ်မှူးကြီး ကျော်မင်းယု၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသန်းဦးတို့မှ ဆုံးမစကားပြောကြားခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ဖျာပုံအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများ အနက်အကျဉ်းသား(၇၄)ဦး၊ အကျဉ်းသူ(၁၇)ဦး၊ ပေါင်း(၉၁)ဦးပါဝင်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)