ငပုတောမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ နှစ်သစ်မင်္ဂလာင်္ဂလာအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ငပုတော ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့သည် ယမန်နေ့နံနက် (၇) နာရီအချိန်က ငပုတောမြို့၊ သာသနာ့ဗိမာန်တွင်ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နှစ်သစ်မင်္ဂလာင်္ဂလာအသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နှစ်သစ်မင်္ဂလာအသံမစဲမဟာပဋ္ဌာန်းပူ‌ဇော်ပွဲဖွင့်ပွဲ အခမ်းအနားအား ဆရာ‌တော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီးနောက် ငပုတောမြို့ စိန်ပန်း ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တဥုးကောဝိဒ အရှင်သူမြတ်ထံမှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ပဋ္ဌာန်းဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်  ဧည့်ပရိသတ်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ငပုတောမြို့ စိန်ပန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တ ဥုးကောဝိဒ အရှင်သူမြတ်ထံမှ အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အောင်သူ