ပွင့်ဖြူ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သော ကြံသီးနှံ ဧကအားလုံး ရာနှုန်းပြည့် ခုတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ကြံသီးနှံ (၈) ဧက စိုက်ပျိုးထားရှိကြောင်းသိရပြီး အဆိုပါ ကြံစိုက်ခင်းများကို ဒေသခံတောင်သူများက ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ စတင်ခုတ်သိမ်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ခုတ်သိမ်းပြီးစီးခဲ့ကြောင်း သိရသည်။
"မိုးသီးနှံစိုက်ပျိုးရာသီက ပွင့်ဖြူမြို့နယ်အတွင်း ကြံသီးနှံ ၈ ဧက လျာထားစိုက်ပျိုးခဲ့ရာမှာ ဒေသခံတောင်သူတွေက စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ကြံစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုလည်းရှိပါတယ်။ လက်ရှိမှာ အဲဒီစိုက်ပျိုးထားတဲ့ ကြံစိုက်ခင်းတွေအားလုံး ရာနှုန်းပြည့် ခုတ်သိမ်းဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်ဧကကို ကြံ ၁၄ ဒသမ ၁၃ တန် ထွက်ရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် အထွက်နှုန်းကောင်းမွန်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
အဆိုပါ ကြံသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် အခြားသီးနှံများထက် စိုက်ပျိုးစရိတ် အရင်းအနှီးနည်းပြီး ဈေးကွက်ကောင်းမွန်သဖြင့် ဒေသခံတောင်သူများက နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကြံသီးနှံစိုက်ပျိုးခြင်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ ကြံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပန်းတိုင်အထွက်နှုန်းများရရှိစေရန်အတွက် စိုက်ပျိုးရေးနည်းပညာနှင့် စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျသုံးစွဲတတ်စေရေး လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြံသီးနှံကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ကြံကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြား၍ သိရှိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)