ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကျင်းပ

ပုသိမ်        ဇန်နဝါရီ          ၅

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ် အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်‌ဆွေနှင့် ဌာနဆိုင်ရာများက နေရာယူပြီးနောက် နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး အလံတင်တပ်စုသည် စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ထို့နောက် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို နံနက်(၇)နာရီအချိန်တွင် အဆိုပါကွင်း၌ ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ စည်သူဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသော တပ်မတော်သားများအားအလေးပြုခဲ့ကာ ဂုဏ်ပြုတပ်ဖွဲ့မှသစ္စာ အဓိဌာန်ရွတ်ဆိုခဲ့ပြီးနောက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသ‌ရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ  ၂ဝ၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီး ချုပ်က ဖတ်ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ကျင်းပသော ဌာနဆိုင်ရာအမျိုးသားဖူဆယ်ပြိုင်ပွဲ၊ ဌာနဆိုင်ရာအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဌာနဆိုင်ရာ အမျိုးသား/ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ ဌာနဆိုင်ရာအမျိုးသားဘောလီဘောပြိုင်ပွဲ၊ ဌာနဆိုင်ရာ အမျိုးသမီး ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဌာနဆိုင်ရာ အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲနှင့် မြန်မာ့ရိုးရာ အားကစားနည်းပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေ မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)