ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ချမ်းအေးသာစံ ဇန်နဝါရီ ၆

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ချမ်းအေးသာစံမြို့နယ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ဇန်နဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှုနှင့် လူမှုဘဝစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်မည့် နိုင်ငံသားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေရန်” အကြောင်းအရာများစွာကို အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်တို့တွင် ထူးချွန်စွာဆုများရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုတံဆိပ်များကို ထိုက်ထိုက်တန်တန်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာ အကအလှများ၊ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ မဟာအောင်မြေခရိုင်၊ ခရိုင်ပညာရေးမှုး ဒေါက်တာ သက်လှစု၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ဝါဝါကျော်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)