ကျောင်းကုန်း ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းမှ ကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်စံပြ မိခင်နှင့်ကလေးပြိုင်ပွဲ၊ လွတ်လပ်ရေးမောင်/မယ် ဆုချီးမြှင်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ခုတင်(၁၀၀)ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက ကလေးပြိုင်ပွဲကျင်းပပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာအေးနိုင်က အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့် ကျန်းမာ၍ဉာဏ်ရည် ထက်မြက်သောကလေးငယ်များဖြစ်လာစေရေး ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကလေးပြိုင်ပွဲတွင် မွေးစမှအသက်(၆)လအောက်၊ (၆)လမှ(၁)နှစ်အောက်၊ (၁) နှစ်မှ(၂)နှစ်အောက် အဆင့်(၃)ဆင့်ဖြင့်ကျင်းပပြုလုပ်ပေးပြီး၊ မွေးစမှ(၆)လအောက် ဆုရရှိကြသူများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က ဆုချီးမြှင့်ခဲ့သည်။ စံပြမိခင်ဆုရရှိသူအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက ချီးမြှင့်ခဲ့ပြီး၊ အမွှာဆု၊ လွတ်လပ်ရေးမောင်နှင့် လွတ်လပ်ရေးမယ်ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး၊ ကြက်ဥ၊ ပဲ၊ အိုင်အိုဒင်းဆားစသည့် အာဟာရဖြည့်စွက်စာများ၊ အမှတ်တရလက်ဆောင်အဖြစ် စောင်တစ်ထည်စီပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)