ရန်ကုန် ဇန်နဝါရီ ၆
၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ကောင်စီဆောင်ရှေ့မြက်ခင်းပြင်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်းတို့က ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်းတို့က ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာသုံးဆောင်ကြသည်။
ညစာသုံးဆောင်စဉ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား၊ ကျောင်းသူများနှင့် အနုပညာပညာရှင်များက ပဏာမ ဧည့်ခံဂီတသံ၊ “မင်္ဂလာပါ” ယိမ်း အက၊ “ထာဝရအဓိဌာန်” သီချင်း၊ “သစ္စာတူပြိုင် ချစ်မဏ္ဍိုင်” နှစ်ပါးသွားအက၊ “မြန်မာပြည်သား” သီချင်း၊ “လှမျိုးစုံကြွယ်ယဉ် တစ်ကိုယ်မယ်” (ခေတ် ၆ ခေတ်) အက၊ “လုလင်ငယ်သွေး” သီချင်း၊ “မိုးဇာဗျော” ယိမ်းအက၊ “ပန်းဥယျာဉ်ဝယ်ဆိုကြကကြမယ်” ယိမ်းအက၊ “ဇာတိမာန်” သီချင်း၊ “မလေးလက်ခတ်သံ” ယိမ်းအက၊ “ပြည်ထောင်စုရဲ့ ထာဝရအလှ” တိုင်းရင်းသားယိမ်းအကစသည့် တေးသီချင်းအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်းတို့က သီဆိုကပြဖျော်ဖြေခဲ့ကြသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကြကာ ဆက်လက်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်းနှင့်အတူ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများက ပြည်သူ့ရင်ပြင်မှ ၂၀၂၆ ခုနှစ်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့အပြင် ၂၀၂၆ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ညပိုင်းက နောက်ဆုံးရက်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ ကျင်းပလျက်ရှိရာ လာရောက်ဆင်နွှဲကြသော ရန်ကုန်မြို့နေ အများပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
၂၀၂၆ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲနောက်ဆုံးရက်တွင် ပြည်သူအများအပြား ပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြပြီး မီးရှူးမီးပန်းများ ပစ်ဖောက်သည့်အချိန်နှင့် အလှဆင်မီးများဖြင့် အမှတ်တရဓါတ်ပုံ ရိုက်ခြင်း၊ နိုင်ငံကျော်တေးသံရှင်များက တေးသီချင်းများ၊ ဒီဂျေ (D၂) များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို လူငယ်လူရွယ်အများအပြားနှင့် ပြည်သူများက ပျော်ရွှင်စွာဖြင့် စည်ကားလျက်ရှိကာ အဆိုပါပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့မှ ဇန်နဝါရီလ (၄) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)