ငါးသိုင်းချောင်း ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ဒေသအတွင်းရှိ ဝါးလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကို ရည်ရွယ်၍ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ လက်မှုရွာစီမံကိန်းဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ မြန်မာ့ရိုးရာလက်မှုအနုပညာများ မပျောက်ပျက်အောင်၊ ရေရှည်ဖွံဖြိုးတိုးတက်ရန်နှင့် အသေးစားအငယ်စားအလတ်စားစီးပွားရေးလုပ်ငန်းများက သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ကာ လက်မှုပို့ကုန်ကဏ္ဍမြှင့်တင်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြဖို့လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးဦးအောင်ဖြိုးက ဒေသဖွံဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများ ပေးအပ်ရခြင်းနှင့် စီမံကိန်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင်ဆောင်ရွက်ခဲ့သော လက်မှုရွာစီမံကိန်း၊ ဝါးလက်မှုထည်သင်တန်း မှလုပ်ငန်းထူထောင်မည့်သူများအား ဒေသဖွံဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခဲ့ပြီး သင်တန်းသားသင်တန်းသူများ၏ ဝါးဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)