မူဆယ်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

မူဆယ် ဇန်နဝါရီ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထက(၃)မှ ကျောင်းသား/ကျောင်းသူများက “ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်၊၊ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးအောင်ကိုက အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ချိုက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။

ဆုပေးပွဲကိုကျင်းပရာ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက် အကောင်းဆုံးကျောင်းများ၊ အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများ၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ ကျောင်းသူများကို မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မူဆယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် အထက(၃)မှ ကျောင်းသား/ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)