တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ် ၊ နှစ်သစ်မင်္ဂလာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူ‌ဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားတက်ရောက် ကြည်ညို

ပုသိမ် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ်၊ နှစ်သစ်မင်္ဂလာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နှစ်သစ်မင်္ဂလာအသံမစဲမဟာပဋ္ဌာန်းပူ‌ဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားအား ဆရာ‌တော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။

ထို့နောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိဿရ (မဟာသဒ္ဓမ္မဇောတိကဓဇ) MA,Ph.D (India) အရှင်သူမြတ်က ပဋ္ဌာန်းအောင်ပွဲ အနုမောဒနာဂါထာကို ရွတ်ဖတ်ပူဇော်ခဲ့ပြီးနောက် ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအားတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ)၊ ပုသိမ်မြို့၊ ရွှေမစိုးရိမ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဇယ(မဟာဂန္ထဝါစကပဏ္ဍိတ) အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

လှမင်းထွဋ် (ပြန်/ဆက်)