ဖျာပုံ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ဆွေဝင်းနှင့်တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်အတွင်း မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ဆွေဝင်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှမိုး၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ဥက္ကဋ္ဌ ဦးသန့်ဇင်လတ်နှင့်အဖွဲ့ဝင်များ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမောင်မောင်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့်သူများ တက်ရောက်ကြပြီးတွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက မဲရုံမှူး၊ ဒုမဲရုံမှူးများအား အီလက်ထရောနစ်မဲပေးစက်နည်းလမ်းတကျ ကိုင်တွယ်အသုံးပြုနည်းများ၊ ရွေးကောက်ပွဲအား အချိန်ကြန့်ကြာမှုမရှိစေပဲ လွယ်ကူအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍သိလိုသည်များအား မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်