အိမ်မဲမြို့၌ ရွေးကောက်ပွဲဆိုင်ရာ​တွေ့ဆုံဆွေးနွေးပွဲကျင်းပ

အိမ်မဲ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က(၁)ကျောင်း ရွေညီလာခန်းမတွင် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မဲရုံမှူးများ၊ နည်းပညာအထောက် အကူပြုအဖွဲ့များက ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ဦးစွာ ​မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ၊ မြောင်းမြမြို့တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော ရွေးကောက်ပွဲ၏ အားနည်းချက်၊ အားသာချက်များအကြောင်းတို့ကို လည်းကောင်း၊ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ထက်အောင်က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးအကြောင်းအရာများကိုလည်းကောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌဦးကျော်မြင့်က အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲရုံအရေအတွက်၊ မဲပေးစက်များထားရှိသည့် အစီအမံများကို တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ထက်အောင်တို့က အ-ထ-က (၁) ကျောင်းတွင် ခင်းကျင်းထားသောမဲရုံနှင့် မဲစာရင်းများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)