ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း မြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံ

ကျိုက်လတ် ဇန်နဝါရီ ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျိုက်လတ်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ ရွှေဧရာအောင် ခန်းမ၌ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှမိုး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌဦးသန့်ဇင်နှင့် ကျိုက်လတ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမင်းအောင် နှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့်သူများ၊ စုစုပေါင်းအင်အား (၄၁၄)ခန့် တက်ရောက်ကြပြီး တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက မဲရုံမှူး၊ ဒုမဲရုံမှူးများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အား နည်းလမ်းတကျ ကိုင်တွယ်အသုံးပြုနည်းများ၊ ရွေးကောက်ပွဲအား အချိန်ကြန့်ကြာမှုမရှိစေပဲ လွယ်ကူအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက်တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်