ညောင်ဦးမြို့နယ်၌ ဟိုတယ်၊ မိုတယ် တည်းခိုခန်းလုပ်ငန်းများ မီးဘေးလုံခြုံရေး ဆောင်ရွက်

ညောင်ဦး ဇန်နဝါရီ ၆

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း တောင်ဘီကျေးရွာရှိ ပုဂံသံတဲ ဟိုတယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ဟိုတယ်တွင် အသင့်စီမံဖြည့်တင်းဆောင်ရွက်ထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ အသေတပ်ဆင်ထားရှိသော မီးခိုးထောက်လှမ်းမှုကိရိယာများ Fire Alarm Bell များ ၊ manual call point စနစ်များ ၊ Hydrant နှင့် Hoose Reel စနစ်များ ၊ ရေသိုလှောင်ထားရှိမှုအခြေအနေများ၊ ပတ်ဝန်းကျင် မီးဘေးစိုးရိမ်ရမှုအခြေအနေများ  မီးသတ်ယာဉ် အဝင်/အထွက်လမ်းများ အစရှိသည်တို့အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မင်းသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၇ ဦးတို့က လှည့်လည်စစ်ဆေးအကြံပြုဆောင်ရွက်ခဲ့ကြပြီး ဟိုတယ်ခရီးလိုင်စင် စည်းကမ်းချက်မှားနှင့်အညီ လုပ်ငန်းလုပ်ကိုင်ရေးနှင့် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်လက်မှတ် Fire Safety Certificate (FSC) အား လျှောက်ထားရယူသွားရေးတို့အား ဖြည့်စွက်အကြံပြုဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ 

၎င်းနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပုဂံသံတဲဟိုတယ်ရှိ ဝန်ထမ်းများအား မီးလောင်မှုနှင့်ရင်ဆိုင်ကြုံတွေ့ရပါက စိုးရိမ်ကြောက်ရွံ့မှုကင်းရှင်းစွာ၊ စိတ်တည်ငြိမ်စွာနှင့် မီးကိုစနစ်တကျ ထိရောက်စွာ ငြှိမ်းသတ်ဆောင်ရွက်တတ်စေရေးအတွက် လက်တွေ့မီးငြှိမ်းသတ်စေရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း