ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း (၇၈) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်း၊ သက်တော် (၇၀) နှစ်၊ ဥတုဇရုပ်ကလာပ်တော်မြတ်အား ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ လှူဒါန်း

ရန်ကုန် ဇန်နဝါရီ

ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ သုံးထပ်ဆွမ်းစားကျောင်းဆောင်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသည့် နေ့ဆွမ်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက (၇၈) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာထောက်စာမဆရာတော်များနှင့် စာပြန်သံဃာတော်များအား ယမန်နေ့ နံနက်ပိုင်းက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၁) ရပ်ကွက်၊ ရတနာလမ်းမကြီးရှိ မဟာဝိနယာလင်္ကာရကျောင်းကြီး၏ ဦးစီးပဓာနမဟာနာယကဆရာတော်၊ ရန်ကုန်မြို့ ဆေကဝတီဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော်၊ မင်းကွန်းတိပိဋက-နိကာယဝင်တပည့်များအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ဖြစ်တော်မူသော သက်တော် (၇၀) နှစ်၊ သိက္ခာတော် (၅၀) ဝါရှိ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဝိနယာ လင်္ကာရမဟာထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်တော်မြတ်အား ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)