ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် မဟာဝိနယာလင်္ကာရကျောင်းတိုက် ပဓာနနာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဝိနယာလင်္ကာရ (အဂ္ဂမဟာပဏ္ဍိတ) ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်သို့ တက်ရောက်ဖူးမျှော်

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၆၁) ရပ်ကွက်ရှိ မဟာဝိနယာလင်္ကာရကျောင်းတိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက၊ ရန်ကုန်မြို့ ဆေကဝတီတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်၊ မင်းကွန်းတိပိဋကနိကာယဝင်တပည့်များအဖွဲ့၏ အကျိုးတော်ဆောင်ဖြစ်သော သက်တော် (၇၀) နှစ်၊ သိက္ခာတော် (၅၀) ရှိ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ဝိနယာလင်္ကာရ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ တက်ရောက်၍ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်မြတ်အား ဖူးမျှော်ကြည်ညိုခဲ့သည်။ ထို့နောက် ဈာပနဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ အောင်သုခဆရာတော် ဘဒ္ဒန္တစန္ဒိမာဝံသထံသို့ လှူဖွယ်ဝတ္တုများဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင် အခမ်းအနားအား ရွတ်အနိစ္စာဝတ သင်္ခါရာအစချီသော သံဝေဂ (၃) ဂါထာ ရွတ်ဖတ်သံဝေဂပွားများ၍ ဖွင့်လှစ်ခဲ့ပြီး ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတနိုင်ငံတော်ဩဝါဒါစရိယ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ပဓာနမဟာနာယက ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ပေးပို့အပ်သော သံဝေဂပွားစရာသဝဏ်လွှာနှင့် ဆေကဝတီဗုဒ္ဓတက္ကသိုလ် သင်ကြားစီမံအဖွဲ့၏ သံဝေဂပွားများကြောင်း သဝဏ်လွှာတို့အား ဆရာတော်များက ဖတ်ကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒါယကာ၊ ဒါယကာမများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှိုင်သာယာမြို့နယ်၊ သာယာကုန်းပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံကျော်ဓမ္မကထိကဆရာတော် ဘဒ္ဒနတေဇဝန္တ (ဂန္တဝါစကပဏ္ဍိတ) ထံတော်မှ သံဝေဂဓမ္မကထာ ကိုနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းအားလည်းကောင်း၊ အပြစ်ရှိကခွင့်လွှတ်ပါရန် လျှောက်ထားတောင်းပန်ခြင်းကိုလည်းကောင်း၊ ပစ္ဆိမဝန္ဒနာဂါထာ ရွတ်ဖတ်ခြင်းတို့အားလည်းကောင်း ဆောင်ရွက်ခဲ့ကြရာ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားအပြီးတွင် ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်မြတ်အား ကျီစုသုသာန်သို့ပို့ဆောင် အန္တိမအဂ္ဂိဈာပနပူဇာဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)