မောက်မယ် ဇန်နဝါရီ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) ကျင်းပမည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက လာမည့်ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)တွင်ပါဝင်သည့် မောက်မယ်မြို့ နယ်အားရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူးများ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများအဆင်ပြေလုံခြုံစွာဆန္ဒမဲပေးနိုင်ရေး၊ မဲပေးခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရေး စသည့်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လင်းခေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသက်ထွန်းက လင်းခေးခရိုင်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကျင်းပရာတွင် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ရှင်းလင်းတင်ပြ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးတို့က ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးမေးမြန်းကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စျေးတန်းရပ်ကွက်ရှိ အမှတ် (၁) မဲရုံ ပြင်ဆင်ထားရှိမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)