မြောင်းမြမြို့၌ Mobile Library Bus ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

မြောင်းမြ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သည့်ဝန်ထမ်းများနှင့်၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နံနက်ပိုင်းက အ.ထ.က ၇၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မူလွန်ကွမ်းခြံကျောင်းနှင့် အ.မ.ကကြာဖူးငုံကျောင်းများသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

ထို့သို့စာအုပ်စာစောင်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ရသ စာအုပ်စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့်စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)