ကြံခင်းမြို့နယ်၊ အ.ထ.က(၁)ကြံခင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

ကြံခင်း ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို Grade-6 ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်တို့နွဲပျော် သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်လှိုင်က ယခုလိုစုံညီပွဲတော်များကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ မိဘ၊ ဆရာ စည်းလုံးမှုကို ပြသတဲ့ ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်မြှင့်ပေးတဲ့ ပွဲတစ်ဆိုရင်မမှားပါကြောင်းပြောကြားသည်။ ထို့နောက် အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က စုံညီပွဲတော်နှင့် ဆုများချီးမြှင့်ကျင်းပရခြင်း ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်၊ခရိုင်၊တိုင်းအဆင့်တို့တွင် ဆိုကရေးတီးပြိုင်ပွဲနှင့် ဘင်ခရာပြိုင်ပွဲတို့၌ ဆုရရှိသူများ၊ ဘာသာရပ် ထူးချွန်ဆုရရှိသူများ၊ ကာယ၊ ဉာဏဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်လှိုင်၊ အတွင်းရေးမှူး ရဲမှူးကြည်စိုးနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအကျိုးတောင်ဆောင်များ၊ မိဘများကလည်းကောင်း၊ ဘာသာရပ်အလိုက်ထူးချွန်အောင် သင်ကြားပြသပေးပါသော ဆရာ၊ ဆရာများအား ကျောင်းအုပ်ဆရာမကြီးက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် သီဆို၊ ကပြဖျော်ဖြေကြပြီး၊ Grade-6 ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်တို့နွဲပျော် သီချင်းဖြင့် သီဆို ကပြဖျော်ဖြေ ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း