ကြည့်မြင်တိုင် ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က အလုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး အလုံခရိုင်ရဲမှူးမှ မဲရုံများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်လဝကမှူးမှလည်း ပျောက်ဆုံးမှတ်ပုံတင်လျှောက်ထားမှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲရုံအဖွဲ့ဝင်များက မဲရုံပရဝဏ်အတွင်း ဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်သည် ရွေးကောက်ပွဲကျင်းပမည့် အပိုင်း (၂) တွင် ပါဝင်ပြီး ရပ်ကွက် (၂၂) ရပ်ကွက်၊ မဲရုံ (၄၈) ရုံရှိကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ အလုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြည့်မြင်တိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)