ပုဇွန်တောင် ဇန်နဝါရီ ၆
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် မဲပေးခွင့်ရှိသူနိုင်ငံသားတိုင်း မဲပေးခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ရည်ရွယ်ချက်ဖြင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ယမန်နေ့ နံနက် ၁၁ နာရီက အမှတ် (၃) ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများမှ အမှတ် (၃) ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက် လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်