တံတား ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် တံတားမြို့တွင် (၁၈) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့ နေ့လယ် (၁) နာရီကတံတားမြို့ ဝိဇ္ဇာဓမ္မသာသနာ့ဗိဗ္မာန်၌ ကျင်းပသည်။
ဦးစွာ ကျောင်းသား/ကျောင်းသူများမှ လမ်းပြကြယ်သီချင်းဖြင့် ဖျော်ဖြေ၍ ဖွင့်လှစ်ခဲ့ပြီး အာစရိယပူဇော်ပွဲဖြစ်မြောက်ကော်မတီဉက္ကဋ္ဌ ဦးမိုးကျော်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုဥက္ကဋ္ဌ ဦးအေးကျော်စိုးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် အငြိမ်းစားဆရာကြီး/ ဆရာမကြီးများကို ကျောင်းသား/ကျောင်းသူဟောင်းများက ကိုဂါရဝပြုကန်တော့ငွေများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူဟောင်းများက ကန်တော့ခံဆရာ၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံဆရာကြီး၊ ဆရာမကြီးတို့၏ကိုယ်စား ဆရာကြီး ဦးစိန်မြင့်နှင့် ဆရာမကြီး ဒေါ်ဆွေဆွေမြင့်တို့က ဆုံးမဩဝါဒဆုတောင်းမေတ္တာစကားများ ပြောကြားခဲ့ကြသည်။
တံတားမြို့တွင် (၁၈) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲတွင် ဆရာကြီး ဆရာမကြီး စုစုပေါင်း (၁၀၂) ဦးတို့အားပူ ဇော်ကန်တော့ခဲ့ကြောင်း သိရသည်။ ယင်းနောက် ကျောင်းသား/ ကျောင်းသူဟောင်းများကိုယ်စား မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီဘဏ္ဍာရေးမှူး ဦးကျော်ဝင်းလှိုင်က (၁၇) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲငွေစာရင်းရှင်းတမ်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ မြတ်ဆရာသီချင်းဖြင့် ဖျော်ဖြေပြီး အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ