ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမှတ် (၉၄) ရပ်ကွက် အိမ်ရာစီမံခန့်ခွဲရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးနှင့် အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက အမှတ် (၉၄) ရပ်ကွက်၊ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၉၄) ရပ်ကွက် အိမ်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ဆုံဆည်းရာရိုးရာခြင်းအဖွဲ့မှ ခြင်းအလှခပ်၍ သရုပ်ပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ၁၂ နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အုပ်စုလိုက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ တစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ အမျိုးသမီးထုတ်ဆီးထိုးပြိုင်ပွဲ၊ အကြီးတန်းအမျိုးသားအပြေးပြိုင်ပွဲ၊ အမျိုးသမီးအပြေးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊ ချောတိုင်တက်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများရရှိခဲ့သော ပြိုင်ပွဲဝင်များအား မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ၊ အ.ထက (၂) ကျောင်းအုပ်ဆရာမကြီး၊ အမှတ် (၉၄) ရပ်ကွက်၊ အိမ်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ ယုဇနအလင်းတန်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌနှင့် အမှတ် (၉၄) အထောက်အကူပြု လူငယ်ရေးရာကော်မတီဥက္ကဋ္ဌတို့က ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ပေးခဲ့သော မြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲအပြီးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ဖူဆယ်ဘောလုံးကစားခဲ့ကြသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)