ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ ဟင်္သာတတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်၊ ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ခင်းအား ကြည့်ရှုစစ်ဆေး

ဟင်္သာတ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင် ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်ဆန်းဝင်း၊ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်း၊ ဒုတိယ ပါမောက္ခချုပ်များဖြစ်ကြသော ဒေါက်တာ ချိုကြည်သန်း၊ ဒေါက်တာ မိုးမင်းစိုး၊ ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၆၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကျောင်းသား/သူများမှ “ကျောင်းတော်မဟာပညာရွာ”သီချင်းနှင့် “တက္ကသိုလ်နန်း”သီချင်းတို့ဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကျောင်းသား/သူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် ဆက်လက်၍ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ ကရင်စုကျေးရွာသို့ ရောက်ရှိခဲ့ပြီး အဆိုပါကျေးရွာကွင်းအမှတ် (၁၅၁၅)၊ ဦးပိုင်အမှတ် (၂၉/၁)ရှိ တောင်သူ ဦးလှစိုးပိုင်ဧက (၃.၀၀)ရှိ SuperSun41 မျိုး၊ ဆောင်းဆီထွက် သီးနှံနေကြာစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ခရိုင်နှင့်မြို့နယ် စိုက်တိုးမြှင့် အဖွဲ့များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)