ငပုတောမြို့နယ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ငပုတော ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း‌ကျောင်းရှိ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/သူများက “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မိုးမိုး‌အေးက အသိပညာ၊ အတတ်ပညာများဖြင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သောကျောင်းသားလူငယ်များစွာပေါ်ထွက်လာစေရေးအတွက်မိဘများကအဘက်ဘက်ကပူးပေါင်းဆောင်ရွက်ဖို့လိုအပ်သလိုကျောင်းသားသူများအနေဖြင့်လည်း ပိုမိုကြိုးစားပေးကြဖို့ ပြောကြားသည်။

ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ(၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် ဗဟိုအဆင့်တွင် လူရည်ချွန်ဆုရရှိသူ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိကြသူများအား၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်ကြီးများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆုများချီးမြှင့်ပေးအပ်ကြသည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့်   ဆက်လက်ဖော်ဖြေနေမှုအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက “မြန်မာ့ကျောင်းသီချင်း” သီဆိုကာအခမ်းအနားပြီးမြောက်ကြောင်း  သိရသည်။

အောင်သူ