ရေကြည် ဇန်နဝါရီ ၇
ယခုအခါ ပူပြင်းခြောက်သွေ့သောနွေရာသီကို ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း နေရာအနှံ့အပြား၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ စစ်ဆေးကြတ်မတ်မှုလုပ်ငန်းများအား အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) ရက်နာရီအချိန်ကအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
အဆိုပါဟောပြောပွဲတွင် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင်က မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ်ဆေးဗူးအသုံးပြုပုံ၊ မီးချိပ်၊ မီးကပ်၊ ရေပုံးများ၊ သဲအိတ်များထားရှိရေးနှင့် မီးဘေးအန္တရာယ် အထူးဂရုပြုလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ ငြိမ်းသတ်နည်းများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)