ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦး မိုင်းပန်မြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး

တောင်ကြီး ဇန်နဝါရီ ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ လင်းခေးခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး၊ လင်းခေးခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ လိုက်ပါလျက် လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းများ သက်ဆိုင်ရာမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က မဲဆန္ဒရှင်များ လွယ်ကူလျင်မြန်စွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရမည့် အချက်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား ပြန်လည်စစ်ဆေးခြင်းနှင့် Installation ပြုလုပ်နေခြင်းအား မှားယွင်းမှု မရှိစေရေး၊ စနစ်တကျဆောင်ရွက်ရေး၊ မဲရုံမှူးများမှ မဲရလဒ်စာရင်းများ ပြုစုရာတွင် တိကျမှန်ကန်မှုရှိစေရေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ချို့ယွင်းမှုရှိပါက မဲရုံမှူးများမှ MEVM ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများထံ ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းမှာကြားခဲ့ပြီး ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ တင်ပြဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပြီး၊ အနောက်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (မွေတော်) ၌ စံပြမဲရုံပြင်ဆင်ထားရှိမှုကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

ထက်ဝေအောင်