ကြံခင်းမြို့နယ်၊ အ.ထ.က (စက်စိုက်မွေး) ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

ကြံခင်း ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော် အခမ်းအနားကို အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ ရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို Grade-8 ကျောင်းသား၊ ကျောင်းသူလေးများက “တို့ကျောင်းတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင် နှင့် အတွင်းရေးမှူး ရဲမှူးကြည်စိုး တို့ကအဖွင့်အမှာစကားအသီးသီးပြောကြားရာတွင် ပညာရေးစုံညီပွဲ တော်ကျင်းပခြင်းသည် တစ်ဦးတစ်ယောက်၏ ဆောင်ရွက်မှုကြောင့်မရနိုင်၊ ဆရာ၊ မိဘ၊ ကျောင်းသား အားလုံးညီညွတ်မျှတမှုရှိမှသာ ဘက်ပေါင်းစုံမှပြည်စုံသည့်ပွဲတော်တစ်ခု ဖြစ်လာနိုင်မှာဖြစ်ကြောင်း၊ အ.ထ.က(စက်စိုက်မွေး)ချင်းမြောင်ကျောင်းသည် အစဉ်အလာကောင်းသော ကျောင်းတော်ကြီး တစ်ခု ဖြစ်သောကြောင့် ထိုအစဉ်အလာကို မပျောက်ပျက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းကြရမှာ မျိုးဆက်သစ်များ၏ တာဝန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က (စက်စိုက်မွေး) ချင်းမြောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက စုံညီပွဲတော်ကျင်းပရခြင်း ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ လူရည်ချွန်ထူးချွန်ဆုများ၊ ဘာသာရပ် ထူးချွန်ဆုရရှိသူများ၊ ကာယ၊ ဉာဏ ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူးရဲမှူး ကြည်စိုး၊ ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအကျိုးတောင်ဆောင်များ၊ မိဘများကလည်းကောင်း၊ ဘာသာရပ်အလိုက် ထူးချွန်အောင် သင်ကြားပြသပေးပါသော ဆရာ၊ ဆရာများအား ကျောင်းအုပ် ဆရာမကြီးက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံမှ ထည့်ဝင်လှူဒါန်းပေး ကြသည့် အလှူရှင်များအား ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေ ပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)