လေးမျက်နှာမြို့နယ်၌ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

လေးမျက်နှာ ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ယမန်နေ့ နေ့လယ်ပိုင်းက  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်း သီးနှံအထွက်တိုး ဝင်ငွေတိုးစေရန်နှင့် စားသုံးဆီဖူလုံမှုရှိစေရန် ယခင်နှစ်များထက် ဆောင်းသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိရာ ဆောင်းနေကြာစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

လာမည့်ဆောင်ရာသီများတွင်လည်း ပိုမိုစိုက်ပျိုးနိုင်ရန်လျာထားလျက်ရှိပြီး တောင်သူများအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနံအထွက်တိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့်မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစုအထောက်အပံ့များကို တာဝန်ရှိသူများမှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

လေးမျက်နှာ (ပြန်/ဆက်)