ပျော်ဘွယ် ဇန်နဝါရီ ၇
ပျော်ဘွယ်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များပြုပြင်နိုင်ရန် ငွေသားများပေးအပ်ခြင်းကို ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက နိုင်ငံတော်အနေဖြင့် ငလျင်ဘေးအန္တရာယ်ခံစားရသည့် ပြည်သူများအား ထောက်ပံ့ပေးနိုင်ခဲ့မှု အခြေအနေများ၊ ယနေ့တွင်လည်း နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးမှု၊ အလုံးစုံပျက်စီးမှုတို့အတွက် နိုင်ငံတော်မှသတ်မှတ်ထားသည့်နှုန်းထားအတိုင်း ငွေသားပေးအပ်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဝါးထရံအိမ် တစ်စိတ်တစ်ပိုင်းပျက်စီးမှုအတွက် ငွေကျပ် ၆ သိန်းကျော်၊ ဝါးထရံအိမ်အလုံးစုံ ပျက်စီးမှုအတွက် ငွေကျပ်သိန်း ၂၀၊ ပျဉ်ထောင်အိမ်တစ်ထပ် အလုံးစုံပျက်စီးမှုအတွက် ငွေကျပ်သိန်း ၁၀၀၊ စုစုပေါင်းနေအိမ် ၃ လုံးအတွက် ပေးအပ်ခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)