မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့်တွေ့ဆုံ

စဉ့်ကိုင် ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် စဉ့်ကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်အောင်မြင်ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ဇန်နဝါရီလ ၆ နေ့ နံနက် ၁၀ နာရီက ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ စဉ့်ကိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်ကျေးရွာ ရွေး‌ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ မဲဆန္ဒရှင် ပြည်သူများအားလုံး ရာနှုန်းပြည့်မဲပေးနိုင်ရေး ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း အသိပေးကြေညာပေးစေလိုကြောင်း၊ မဲပေးမှုမြန်ဆန်မှန်ကန်စေရေးအတွက် မဲစာရင်းနံပါတ်ပါသည့် Slip များသည် အရေးပါသည့်အတွက် အားလုံးဖြန့်ဝေပေးစေလိုကြောင်း၊ စဉ့်ကိုင်မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများမှ ရာနှုန်းပြည့်မဲပေးပြီး မြန်မာတစ်နိုင်ငံလုံး မဲပေးမှု ရာနှုန်းမြင့်တက်စေရေးအတွက် တက်ရောက်လာသူများမှ ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း မှာကြားခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရသည်။

ကျော်စွာ (စဉ့်ကိုင်)