ခရမ်း ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စိန်ရတုခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါတယ် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုကာ အခမ်းအနား ဖွင့်လှစ်ပေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်တာဝန်ခံ ပညာရေးမှူး ဦးသိန်းနိုင်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများ၏ပညာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် သက်ဆိုင်ရာအတန်းအလိုက် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထိုကဲ့သို့ ထူးချွန်အောင် သင်ကြား ပြသပေးခဲ့ကြသည့် ဆရာ၊ ဆရာမများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ တေးသရုပ်ဖော်အကများဖြင့် ပျော်ရွှင်စွာ ကပြသီဆို ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
ခရမ်း(ပြန်/ဆက်)