ဒေါပုံ ဇန်နဝါရီ ၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်ရွေးချယ်ထားရာ နေရာများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်လွင်က ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ဥက္ကဋ္ဌ ဦးအောင်လွင်က ဦးဆောင်၍ ဒေါပုံမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မဲရုံများတည်ရှိရာ ရပ်ကွက်များအလိုက် လျာထားသည့် ကျောင်းတွင်းမဲရုံများနှင့် သတ်မှတ်မဲရုံအသီးသီးသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်။ သတ်မှတ်မဲရုံများအလိုက် ရွေးကောက်ပွဲ ကျင်းပဆောင်ရွက်ရမည့်နေ့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးမှု အဆင်ပြေချောမွေ့စေရန်နှင့် မဲရုံတာ၀န်ကျ၀န်ထမ်းများ အဆင်ပြေစွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ မဲပေးစက်များ ထားရှိမည့်နေရာ အကျယ်အ၀န်းနှင့် ပြည်သူများမေးပေးရာတွင် မဲရုံအဝင်လမ်းနှင့် အထွက်လမ်းများ စနစ်တကျသတ် မှတ်ပေးနိုင်ရေးများကို တာ၀န်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အဆိုပါ မဲရုံများစစ်ဆေးရာသို့ ဒေါပုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်း၀င်းစိန်နှင့် အဖွဲ့၀င်များက လိုက်ပါခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ခဲ့ကြပါသည်။
ဒေါပုံမြို့နယ်တွင် မဲဆန္ဒပေးရန်အတွက် အသက်(၁၈)နှစ်အထက် ကျော်လွန်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄၄၄၀၃) ဦးရှိပြီး ရပ်ကွက် ၁၄ ခုတွင် လျာထားမဲရုံ ၃၈ ခုရှိကြောင်းလည်း တာ၀န်ရှိသူများထံက သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)