ဟင်္သာတမြို့နယ်တွင် အများပြည်သူ စားသုံးရန်/သုံးစွဲရန် မသင့်လျော်သည့် အစားအသောက်များ၊ ဆေးဝါးများ ဖြန့်ချိရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်

ဟင်္သာတ ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပဒေသာဈေးနှင့်ဌေးဝင်းဈေးများအတွင်း ရောင်းချလျက်ရှိသောဆိုင်များတွင် အများပြည်သူ စားသုံးရန်/သုံးစွဲရန် မသင့်လျော်သည့် အစားအသောက်များ၊ ဆေးဝါးများ ဖြန့်ချိရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာသို့ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့်ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ ဟင်္သာတမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးလှမင်း၊ ဟင်္သာတမြို့နယ် အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းသူနှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့မရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ ပဒေသာဈေးနှင့် လမ်းမတော်လမ်းရှိ ဋ္ဌေးဝင်းဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ ငါးပိ/ ငါးခြောက်ဆိုင်များ၊ ဆေးဆိုင်များတွင် အများပြည်သူ စားသုံးရန်/သုံးစွဲရန် မသင့်လျော်သည့် အစား အသောက်များ၊ ဆေးဝါးများ ဖြန့်ချိရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် စားသုံးရန်မသင့်လျော်သည့် ဈေးကွက်အတွင်း ဖြန့်ချိရောင်းချနေသော ငံပြာရည်တို့အား ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သိမ်းဆည်း၍ ပူးပေါင်းအဖွဲ့များဖြင့် ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးမှူးရုံးတွင် ဖျက်ဆီးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)