ကော့မှူးတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု နယ်လှည့်‌ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းစကားပြိုင်ပွဲများ ကျင်းပ

ကော့မှူး ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်က ဇလုတ်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း အ.မ.က(ဇလုတ်ကြီး)ကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာ ပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်နေကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထက်မြက်သူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများ ရှိစေရန်အတွက် ပြင်ပဗဟုသုတရရှိမည့် စာအုပ်များကို ငယ်စဉ်ကတည်းက ဖတ်ရှုလေ့လာစေလိုကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင်လည်း စာအုပ်/စာပေများ အခမဲ့လာရောက်ငှားရမ်းဖတ်ရှုခြင်းဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန် စသည့် အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲများ ကျင်းပရာ အ.မ.က(ဇလုတ်ကြီး)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်စာ စောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)