ဒေါပုံ ဇန်နဝါရီ ၇
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ရပ်ကွက်များအလိုက် စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င်၊ ရန်ကုန်တိုင်းဒေသကြီးတာ၀န်ခံ ဦးအောင်စော၀င်းနှင့် တာ၀န်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ယမုံနာ(၂) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးအောင်စော၀င်းက ကြိုတင်မဲပုံးများတွင် UEC တံဆိပ်နှင့် နံပါတ်များပါသည့် လုံခြုံရေးကြိုးဝါများဖြင့် ချိတ်ပိတ်ဆောင်ရွက်ထားရှိမှုများ၊ မဲပေးမည့်နေ့ရက်တွင် တစ်နာရီအကြိုမဲပေးပြီးနောက် Clear ခလုတ်ကို သေချာစွာနှိပ်ရန်၊ မဲစလစ်များကြိုတင်ဖြန့်ဝေထားရှိမှုများကို စနစ်တကျဆောင်ရွက်ရန်၊ ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အရန်မဲပေးစက်များကို ယခင်အပိုင်း(၁)ထက် နှစ်ဆတိုး၍ စီစဉ်ဆောင်ရွက်ထားရှိကြောင်းတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်း၀င်းစိန်နှင့်အဖွဲ့၀င်များက ဒေါပုံမြို့နယ်အနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက လာရောက်၍ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)