ကျောင်းကုန်း ဇန်နဝါရီ ၇
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးရှိ “မြတ်ပညာ”ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အ.ထ.က(၁)ကျောင်းမှ “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ မြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးဆန်းဝင်းက ထပ်ဆင့်အမှာစကား ပြောကြားခဲ့ပြီး၊ နိုင်ငံတော်မှချီးမြှင့်ခဲ့သည့် “လူမှုထူးချွန်ဆု” ရရှိသူ အ.မ.က(ဒေါင့်ကွေး) ကျောင်းအုပ်ဆရာကြီး ဦးထွန်းနိုင်လင်းအား ဆုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင် နှစ် လူရည်ချွန်ဆုရရှိသူများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် အ.လ.က ပျားဇလက်ကျောင်းမှ “လူချွန်လူကောင်း”သီချင်းဖြင့်လည်းကောင်း၊ မြတ်ပညာတံခွန်ကိုယ်ပိုင်ကျောင်းမှ “ရွှေဘိုသနပ်ခါး” သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၁) ကျောင်းမှ “အဖြူရောင်သံစဉ်”သီချင်းဖြင့်လည်းကောင်း၊ အ.မ.က(မြို့မ)ကျောင်းမှ “စည်းလုံးခြင်း၏အင်အား” သီချင်းဖြင့်သီဆိုကပြ ဖျော်ဖြေခဲ့ကြပြီး၊ ထူးချွန်ဆုရရှိကြသူ များအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်