အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း 

အမရပူရ ဇန်နဝါရီ ၇  

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အမရပူရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့တာဝန်ကျရာ ရပ်ကွက်/ကျေးရွာများရှိ မဲရုံများတွင် မဲရုံပြင်ဆင်မှုများအား ကြိုတင်စီမံဆောင်ရွက်ကြရန်၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံတာဝန် ကျဝန်ထမ်းများ မိမိတို့တာဝန်ကျရာမဲရုံများသို့ ကြိုတင်သွားရောက်ပြီး ပြင်ဆင်မှုများဆောင်ရွက် ကြရန်၊ မဲပေးစက်များကြိုတင်ပြင်ဆင်စမ်းသပ်နိုင်ရေးနည်းပညာအဖွဲ့ဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်ပြည်သူများအားလုံး ရာနှုန်းပြည့်မဲပေးနိုင်ရေး ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန်နှင့် မဲရုံးသုံးပစ္စည်းများ၊ မဲပေးစက်များသယ်ဆောင်ရာတွင် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးက မဲဆန္ဒရှင်ပြည်သူများ ရာနှုန်းပြည့်မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နန်းအေးအေးစိုးက မဲပေးစက်များ သတ်မှတ်ရက်အတွင်းထုတ်ယူရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲပေးစက်ကိုင်ဝန်ထမ်းများအား သင်တန်းများပို့ချပေးမှု အခြေအနေများ၊ တတိယအကြိမ် မဲစာရင်းများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ဖြန့်ဝေပေးမှုအခြေအနေများ ကို တင်ပြဆွေးနွေးခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးတင်ပြကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)