ထန်းတပင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ထန်းတပင် ဇန်နဝါရီ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ (၆) ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ မဲပေးရာတွင်အဆင်ပြေချော့မွေ့စွာ မဲပေးနိုင်ရေးနှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေက မဲပေးပိုင်ခွင့်ရှိသူများအား အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သဇင်ဦးက မဲပေးစက်အသုံးပြုပုံအဆင့်ဆင့်နှင့် တပ်ဆင်ပြင်ဆင်ဆောင်ရွက်မှုပုံစံများ၊ မဲရုံမှူး၊ ဒုမဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့်မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်