ပုဇွန်တောင် ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အမှာစကားပြောကြားရာတွင် ပုဇွန်တောင်မြို့နယ်အနေဖြင့် အပိုင်း (၂) အဖြစ် ရွေးကောက်ပွဲဆောင်ရွက်မည်ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများဖြင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပစေလိုကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ မဲပေးနိုင်စေရန် မဲရုံများ စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိရန်နှင့် ကြိုတင်မဲများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက လုံခြုံရေးကိစ္စများနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သန္တာသိမ့်က ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးတို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်