ကြည့်မြင်တိုင် ဇန်နဝါရီ ၈
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းက စျေးကလေးရပ်ကွက်၊ ဗားကရာဆိပ်ကမ်းနှင့် ကမ်းနားလမ်းရှိ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ရွေးကောက်ပွဲအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းဖြစ်ပြီး “နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက်” ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် "ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့" စသည့်အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)