မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းဖွင့်လှစ်

မိုင်းကိုင် ဇန်နဝါရီ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆင့်ပွားသင်တန်းကို  ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  လွိုင်လင်ခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက်  ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက  ရွေးကောက်ပွဲအပိုင်း(၁)၏ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးပြီး ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)  အောင်မြင်စွာကျင်းပနိုင်ရေး  ကြိုတင်ပြင်ဆင်မှုများနှင့် စီမံဆောင်ရွက်ရ မည့်ကိစ္စများ၊ မဲရုံသုံးပစ္စည်းမဲပေးစက်များ သယ်ဆောင်ခြင်း၊ မဲပေးသည့်နေ့တွင် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်စွာချိတ်ဆက်နိုင်စေမည့် နည်းလမ်းများကို  ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား မြန်မာအီလက်ထရောနစ်(MEVM)အသုံးပြုခြင်း ဆိုင်ရာလုပ်ငန်းစဉ်များကို နည်းပညာအထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်းပြောကြားပြီးနောက်  မဲပေးစက်တပ်ဆင်ခြင်း၊ ကိုင်တွယ်အသုံးပြုခြင်း၊ စမ်းသပ်မဲပေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို မဲရုံ(၃၅)ရုံမှ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များက  လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)