စဉ့်ကိုင် ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး ပြည်သူများအားလုံး ပူးပေါင်းပါဝင်၍ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး၊ မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ ရာနှုန်းပြည့် မဲပေးနိုင်ရေး တို့ကို ရည်ရွယ်ကာ ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီက လူစည်ကားရာနေရာ စဉ့်ကိုင်မြို့ဝင် မီးပွိုင့်လမ်းဆုံအနီး၊ ရန်နိုင်ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ရန်နိုင်တံတားတစ်လျှောက် ခရီးသွားလာ ဒေသခံပြည်သူများ၊ ကျောက်ဆည်တက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ကျောက်ဆည်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး၊ စဉ့်ကိုင်မြို့နယ် ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ ၅၃ အုပ်စုတွင် လျာထားမဲရုံ ၁၁၉ ရုံတို့တွင် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်းဦးရေ ၁,၁၀,၀၀၄ ဦးတို့ဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း-၂ အား အောင်မြင်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)