ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၉၈) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၈) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွှဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦး‌သောင်းစိန်ဦးနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များက လက်ခံရယူပြီး ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံ‌စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရုမဟာသိမ်တော်ကြီး ဆရာတော်ဘဒ္ဒန္တကုမာရအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူကြသည်။

ယနေ့ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် (၃၅) ဦးက ၁ ကျပ်သား ရွှေပြား ၃၇ ချပ်၊ ရွှေပြားနှင့် ငွေသားအလှူရှင် (၁၃၂) ဦးအပါအ၀င် လှူဒါန်းငွေစုစုပေါင်း ကျပ် ၃၄၉၅၇၂၈၆၀၆/-(ကျပ်သုံးသောင်းလေးထောင်ကိုးရာ ငါးဆယ့်ခုနှစ်သိန်း နှစ်သောင်းရှစ်ထောင်ခြောက်ရာခြောက်တိတိ) ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)