ရန်ကုန် ဇန်နဝါရီ ၈
Glan Master Futsal League 2025-2026 ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ Glan Master Futsal League 2025-2026 ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့် YRG FC အသင်းနှင့် UNITED CITY အသင်းတို့က ကွင်းအတွင်း ဝင်ရောက်နေယူကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်လူကြီးများအား လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် AFF U16 Boys Futsal Championship 2025 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အသက် (၁၆) နှစ်အောက် ဖူဆယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က Glan Master Futsal League 2025-2026 ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် YRG FC အသင်းနှင့် UNITED CITY အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)