ပြည်ကြီးတံခွန်မြို့နယ်၌ မဲရုံမှူးများအား မွမ်းမံသင်တန်း ဖွင့်လှစ်

ပြည်ကြီးတံခွန် ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့ အပိုင်း (၂) တွင် ပါတီစုံဒီမိုကရေစီ‌ အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ မဲရုံမှူးများအား မြို့နယ်အဆင့် လုပ်ငန်းလမ်းညွှန်မွမ်းမံသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံ‌ရေးခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ဦးစီးဌာန၊ OSS ရုံး ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းတွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက မဲရုံမှူးများ ဆောင်ရွက်ရမည့် တာဝန်များ၊ မဲ‌လာပေးသူများ မြန်မြန်ဆန်ဆန်အလွယ်တကူ မဲပေးနိုင်ဖို့ရန်၊ မဲစာရင်း ရလဒ်များအား မကျန်ရှိစေရန်နှင့် လိုအပ်သည်များအား ဖြည့်စွက်မှာကြား ပြောကြားခဲ့သည်။ 

ယင်းနောက် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲအရာရှိ ဦးမင်းစိုးနိုင်က မဲရုံမှူးများ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ ရွေးကောက်ပွဲစနစ်အ‌ကြောင်း၊ ရွေးကောက်ပွဲနေ့တွင် မဲပေးစက်များ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ စက်တပ်ဆင် ခင်းကျင်းပုံ၊ မဲရလဒ် ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သိများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ သင်တန်းသား/ သင်တန်းသူများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲအရာရှိ ဦးမင်းစိုးနိုင်၊ မဲရုံမှူး (၈၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)