လသာမြို့နယ်အတွင်း မဲရုံများ ပြင်ဆင်ခင်းကျင်းထားရှိမှု ကြည့်ရှုစစ်ဆေး

လသာ ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ မဲရုံများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲအတွက်မဲရုံအဖြစ် အသုံးပြုမည့် အဆောက်အဦများ၏ ပြင်ဆင်ခင်းကျင်းထားရှိမှု အခြေအနေများအား ယမန်နေ့ နံနက် ၁၀ နာရီက တာ၀န်ရှိသူများ ပူး‌ပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုကို လသာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ လသာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အဖွဲ့များက လသာမြို့နယ်အတွင်းရှိ မဲရုံ (၁၆) ရုံအား လိုက်လံစစ်ဆေးခဲ့ကြသည်။

စစ်ဆေးရာတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့စွာ စနစ်တကျမဲပေးနိုင်ရေးအတွက် မဲရုံအတွင်းပိုင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လမ်းကြောင်းစီမံထားရှိမှု၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို အထူးအလေးထားစိစစ်ခဲ့ပြီး လိုအပ်သည့် အချက်များကိုသက်ဆိုင်ရာ တာဝန်ရှိသူမျာအားမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နေလင်း (ပြန်/ဆက်)