မိတ္ထီလာ ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (နဝမ) အကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်(ပထမ)နှစ်ပတ်လည် အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သာသနဝေပုလ္လပါဠိတက္ကသိုလ်ကျောင်းတိုက် မဟာဝိဇယဓမ္မဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ အစည်းအဝေးနာယကဆရာတော် နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တကောဝိဒက ဩဝါဒါကထာမိန့်ကြားသည်။
ထို့နောက် မြို့နယ်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဥတ္တရ၏ ဩဝါဒါကထာကို မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တဩဘာသက ဖတ်ကြားပြီး အစည်းအဝေးသဘာပတိဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရက အစည်းအဝေးဖွင့် ဩဝါဒါကထာ ချီးမြှင့်သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးက သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လျှောက်ထားပြီး တစ်နှစ်တာကာလအတွင်း သာသနာ့တာဝန်ထမ်းဆောင်တော်မူကြရင်း ပျံလွန်တော်မူသွားကြသော မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များအတွက် သံဝေဂဉာဏ်ပွားများသောအားဖြင့် အနိစ္စာဝတ သင်္ခါရာ စသောသုံးဂါထာကို ကြွရောက်မူကြသည့် သံဃာတော်များက ရွတ်ဆိုမှတ်တမ်းခြင်း၊ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော မြို့နယ်သံဃနာယကအဖွဲ့၏ အစီရင်ခံစာကိုအကျဉ်းကို အကျိုးဆောင်ဆရာတော်က တင်သွင်းလျှောက်ထားခြင်းများ ဆောင်ရွက်သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဆရာတော်နှင့်ကြွရောက်လာသော သံဃာတော်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စတုတ္ထအကြိမ်နေ့ဆွမ်းအလှူရှင်ရထပ (၁) တပ်မှူး ဗိုလ်မှူးကြီး ဖြိုးဝင်းကျော်နှင့်ဇနီး ဒေါ်မိုးပွင့်ဖြူတို့က ဆက်လှူဒါန်းပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသီလာစာရထံမှ ရေစက်ချ အနုဒနာတရားတော်များကို နာယူခဲ့ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)