မိတ္ထီလာမြို့နယ်၌ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်

မိတ္ထီလာ ဇန်နဝါရီ ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရေးအတွက် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတို့ကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ညောင်ဦးခရိုင်များရှိ မြို့နယ်များမှ ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး ရိုးရာရက်ကန်းပညာအမွေအနှစ်များ မတိမ်ကောမပပျောက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရက်ကန်းလုပ်ငန်းဆိုင်ရာနည်းပညာဆိုင်ရာနည်းပညာ အတက်ပညာများ ဖြန့်ဖြူးပေးရန်၊ အတက်ပညာများကို တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ချည်မျှင်နှင့်အထည်စက်ရုံများအတွက် ရက်ကန်းပညာကျွမ်းကျင်သူများ မွေးထုတ်ပေးရန်၊ ကုန်ထုတ်လုပ်ငန်း ကျွမ်းကျင်သူများအဖြစ် လေ့ကျင့်သင်ကြားပေးရန်၊ ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော အထည်လုပ်ငန်းများကို တီထွင်နိုင်သည့် အတက်ပညာများ လေ့ကျင့်သင်ကြားပေးရန်အတွက် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ) မှ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုပညာရပ်များကို နှစ်စဉ်အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာသည်။

ထိုသို့  ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မိတ္ထီလာ) တွင် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတို့အပြင် ကာလတိုသင်တန်းများဖြစ်သည့် စက်မောင်းစက်ပြင်သင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အခြေခံမော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံသံဂဟေဆက်နည်းပညာသင်တန်း၊ အခြေခံစားသောက်ကုန်သင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယင်းတို့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းကို ဇန်နဝါရီ လ ၁ ရက်နေ့မှ ဒီဇင်ဘာလအကုန်အထိ စက်ရက်ကန်း၊ ဆေးဆိုး၊ လက်ရက်ကန်း၊ တိုင်းရင်းသား ရိုးရာဂျပ်ခုတ်၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ စက်ချည်မျှင်ဆွဲ၊ အမျှင်ကုန်ကြမ်းဘာသာရပ်များနှင့် စက်ချုပ် နည်းပညာကို သင်တန်းသား သင်တန်းသူ ၂၀ ဦးဖြင့် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။

၎င်းအပြင် လက်ရက်ကန်း ခြောက်လသင်တန်းကို လက်ရက်ကန်း၊ ဆေးဆိုး၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ လက်ချည်မျှင်ဆွဲဘာသာရပ်များကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လအကုန်အထိနှင့် ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလအကုန်အထိ တစ်နှစ်နှစ်ကြိမ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၎င်းသင်တန်းကို သင်တန်းသားသင်တန်းသူ ၁၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ   ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ် သင်တန်းနှင့်  လက်ရက်ကန်း ခြောက်လသင်တန်းများတွင်  သင်တန်းတက်ရောက်သူများအနေဖြင့် အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း အိမ်ထောင် မရှိသူဖြစ်ရမည့်အပြင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းတက်ရောက်လိုသူများမှာ အလယ်တန်းအောင်ရမည်ဖြစ်ပြီး လက်ရက်ကန်း ခြောက်လသင်တန်း တက်ရောက်သူများမှာ မူလတန်းအောင်မြင်ရမည်ဖြစ်သည်။ သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းရှိ အဆောင်တွင် အခမဲ့နေထိုင်ခွင့်ပြုသည့်အပြင် ပညာသင်ထောက်ပံ့ကြေး တစ်လလျှင် ငွေကျပ် ၇၅၀၀၀ ထောက်ပံ့ပေးလျက်ရှိသည်။

၎င်းအပြင် သင်တန်းတက်ရောက်ပြီးပါက နိုင်ငံတော်ပိုင် ချည်မျှင်နှင့် အထည်အလိပ်စက်ရုံများနှင့် ပုဂ္ဂလိကပိုင်အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့်အထိ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)